ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် (၇)ရက်အတွင်း အပြီးတည်ဆောက်ခဲ့သော ကုတင် (၄၀၀)ကျော်ပါရှိသည့် Covid-19 ရောဂါကုသရေး ဌာန (သုဝဏ္ဏ)၊ ဧရာဝတီစင်တာသည် ၂၀၂၀ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့ ညနေပိုင်းတွင် Positive လူနာများကို စတင်လက်ခံ ကုသပေးနေပြီ ဖြစ်ပါသည်။

   

 

ဧရာဝတီစင်တာတွင် စုစုပေါင်း လူဦးရေ (၄၀၀)ကျော်ကို တပြိုင်တည်း ထားရှိ ကုသပေးနိုင်မည့် ကုသဆောင်များ၊ Intensive Care Unit၊ Duty Room (Control Center)၊ ဆေးပစ္စည်းနှင့် လိုအပ်သော ပစ္စည်းများအတွက် Store အဆောက်အဦ၊ ရေချိုးခန်းနှင့် သန့်စင်ခန်းများ၊ Examination Room များ၊ Swab Test ရယူမည့် Protective Chamber များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် နားနေဆောင်များ၊ အဝတ်လျှော်စက်ကြီးများ၊ Locker နှင့် ပိုးသတ်စနစ်ပါဝင်သော PPE အဝတ်လဲခန်းနှင့် ရေချိုးခန်းများ၊ တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (၁၅၀)ခန့်အတွက် အဆောင်နေရာများ၊ အဝတ်လျှော်စက်ကြီးများ၊ CCTV ဖြင့် စောင့်ကြည့်ရေးစနစ်များ၊ Fire Alarm System နှင့် မီးသတ်ဆေးဘူးများ၊ PA System များ၊ QR Code ဖြင့် Registration လုပ်နိုင်မည့်စနစ်များ၊ ဆရာဝန်များနှင့် လူနာများ အကြား Video ဖြင့် ဆက်သွယ်ရန် နေရာများ၊ လျှပ်စစ်မီး အလုံအလောက် ထောက်ပံ့ပေးနိုင်မည့် မီးစက်ကြီးများ၊ အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်မည့် စနစ်များ၊ နေ့စဉ်လိုအပ်သော အစားအသောက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် နေရာများ ပါရှိပါသည်။
ထို့အတူ လူနာများ အသင့်နေထိုင်နိုင်ရန်အတွက် ကုတင်နေရာ၊ ဆေးရုံသုံး Lockerများ၊ ထိုင်ခုံ၊ စားပွဲ၊ အီလက်ထရောနစ် ပစ္စည်းများ အသုံးပြုရာတွင် အဆင်ပြေစေရန် မီးပလပ်ပေါက်များနှင့် အမှိုက်ပုံးတစ်ခုစီပါဝင်သည့် သီးသန့်ခန်းများ စီစဉ်ထားရှိပြီး တစ်ဦးချင်းစီအတွက် အသုံးအဆောင် ပစ္စည်း (၂၁)မျိုး ပါဝင်သော Plastic Box များ၊ သောက်သုံးရေများ၊ ရေပူရေအေး ရယူနိုင်မည့် နေရာများ၊ နေ့စဉ်သုံး အသုံးအဆောင်ပစ္စည်းများကို လိုအပ်သလို ထပ်မံ ပံ့ပိုးပေးနိုင်ရန် အတွက် အဆောင် တစ်ခုချင်းစီအလိုက် ပစ္စည်းအစုံအလင်ပါ ကိုယ်တိုင်ယူစနစ် စတိုခန်းငယ်များ ပါရှိပါသည်။
ထို့အပြင် ဧရာဝတီစင်တာ၏ စီမံခန့်ခွဲမှုရုံးကိုလည်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အဆောက်အဦတွင် ဖွင့်လှစ်ထားရှိပြီး စင်တာကြီး၏ ကုသရေး လှုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ လည်ပတ်နိုင်ရေး၊ လိုအပ်ချက်များ အချိန်မီ ဖြည့်ဆည်းနိုင်ရေး၊ အလှူပစ္စည်းများ လက်ခံခြင်းနှင့် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဧရာဝတီစင်တာကြီး အတွက် လိုအပ်သော ဆေးရုံသုံးပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပံ့ပိုးပေးပြီး ထပ်မံလိုအပ်သော ဆေးရုံသုံး ပစ္စည်းနှင့် ဆေးဝါးများ၊ အခြား လိုအပ်သည်များကို ဧရာဝတီ ဖောင်ဒေးရှင်း၏ ဦးဆောင်မှုနှင့်အတူ စေတနာထက်သန်စွာ လှူဒါန်းကြသူများ၏ ပံ့ပိုးကူညီမှုဖြင့် စီစဉ်ဆောင်ရွက်ထားရှိပါသည်။