"ပလပ်စတစ် ကင်းစင်ရေး ဖြေရှင်းနည်းဆီသို့" ခေါင်းစဉ်ဖြင့် United Nations Environment Programme ၏ စီမံချက် တစ်ခုအဖြစ် Global Environmental Information Display တစ်ရပ် ခင်းကျင်းပြသ

     

ယနေ့ မျက်မှောက် ကြုံတွေ့နေရသော သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေခြင်း ပြဿနာများထဲမှ အမှိုက်ကြောင့်ဖြစ်သော ပြဿနာများကို အများသူငှါ သတိပြုမိစေရန် ရည်ရွယ်၍ “ပလပ်စတစ် ကင်းစင်ရေး ဖြေရှင်းနည်းဆီသို့” ခေါင်းစဉ်ဖြင့် United Nations Environment Programme ၏ စီမံချက် တစ်ခုအဖြစ် Global Environmental Information Display (Photo Exhibition) တစ်ရပ်ကို ရန်ကုန်မြို့ Novotel Yangon Max ဟိုတယ်တွင် ဒီဇင်ဘာလ (၉)ရက်နေ့မှ (၁၂)ရက်နေ့အထိ ခင်းကျင်းပြသသွားပါသည်။
အဆိုပါ Global Environmental Information Display ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၉)ရက်နေ့ နံနက် (၉)နာရီအချိန်က Novotel Yangon Max ဟိုတယ်၊ ၄လွှာတွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ J-UNEP၊ SRIREP မှ တာဝန်ရှိသူများ၊ မက်စ်မြန်မာ အုပ်စုနှင့် ဧရာဝတီဘဏ်တို့မှ အုပ်ချုပ်မှု တာဝန်ခံများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
(၄)ရက်ကြာ ပြသမည့် အဆိုပါ ဓာတ်ပုံပြပွဲတွင် အများသူငှါ သိသင့်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်များနှင့် အချက်အလက်များကို ဓာတ်ပုံများနှင့်အတူ စိတ်ဝင်စားဖွယ် ယှဉ်တွဲဖော်ပြ ခင်းကျင်းပြသလျက်ရှိရာ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။ ထိုပြပွဲကို Japan နိုင်ငံမှ Japan Association for United Nation Environmental Programme (J-UNEP), Public Interest Incorporated Foundation Associates of the Earth (AOE), နှင့် Research Institute for Humanity and Nature (RIHN) တို့မှ စီစဉ် ပြုလုပ်ပြီး ပွဲဖြစ်မြောက်ရေးအတွက် Max Myanmar Group နှင့် AYA Bank တို့မှ ပံ့ပိုးကူညီပါသည်။