မွန်ပြည်နယ် ရေကြီးရေလျှံခြင်းနှင့်မြေပြိုခြင်းများကြောင့် အသက်အိုးအိမ်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိသော ဒုက္ခသည်များအတွက် ဧရာဝတီဘဏ်မှ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဖြစ်ပေါ်ခဲ့တဲ့ မွန်ပြည်နယ် ရေကြီးရေလျှံခြင်းနှင့်မြေပြိုခြင်းများကြောင့် ဒေသနေသူများ အသက်အိုးအိမ်ဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းတို့ဖြစ်ပေါ်ခဲ့ရာ ဧရာဝတီဘဏ်မှ ထပ်တူဝမ်းနည်းမိပါသည်။ ၄င်းဖြစ်ပွားရာဒေသများသို့ အမြန်ဆုံး သွားရောက် ကူညီထောက်ပံ့မှုများပြုလုပ်နိုင်ရန် ဧရာဝတီဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၉ခုနှစ် သြဂုတ်လ ၁၁ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့သို့ သွားရောက်၍ မြေလွှာပြတ်ရွေ့မှုကြောင့် တောင်ပြိုကျခဲ့သည့် သဲဖြူကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီး ပူဆွေးဝမ်းနည်းနေကြသည့် ကျန်ရစ်သူမိသားစုဝင်များကို တွေ့ဆုံအားပေးကာ လတ်တလော စားဝတ်နေရေးအတွက် အရေးပေါ်လိုအပ်သည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့်အတူ အိမ်ထောင်စု (၁)စုလျှင် ငွေကျပ် (၁၀)သိန်းစီ၊ စုစုပေါင်း အိမ်ထောင်စု (၂၇)စုအတွက် ငွေကျပ် သိန်း(၂၇၀)ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက်တွင် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြသူများကို တွေ့ဆုံအားပေးကာ စုစုပေါင်း (၄၀)ဦးအတွက် ငွေကျပ် သိန်း (၈၀)ကို ကူညီထောက်ပံ့ပေးခဲ့ပါသည်။
ထို့ပြင် မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့် ဒေသများဖြစ်သော မော်လမြိုင်၊ ရေးနှင့် ဘီးလင်းမြို့နယ်များရှိ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ ကူညီမှုများကို ဆက်လက် ပြုလုပ်ခဲ့ပါသည်။
ရေကြီးရေလျှံခြင်းဒဏ်ကို ဆိုးရွားစွာ ခံစားခံခဲ့ရသော ဒေသများမှ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် အစရှိသော အရေးပေါ် စားနပ်ရိက္ခာများကို ကိုယ်တိုင်ကိုယ်ကျ ထောက်ပံ့ ကူညီမှုများ ပြုလုပ်ခဲ့သည်။
ထို့အတူ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သော ပြည်နယ် ရေဘေးကယ်ဆယ်ရေး ကော်မတီသို့ ငွေကျပ်သိန်း (၁၀ဝ)နှင့် ဆန်အိတ် (၁၀ဝ)၊ ဘီးလင်းမြို့ ရေဘေးကယ်ဆယ်ရေး ကော်မတီသိ်ု့ ဆန်အိတ် (၅၀)၊ ရေးမြို့နယ်အတွက် မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးနှင့် မွန်ဒေသဆိုင်ရာ လူမှုကူညီရေး အဖွဲ့အစည်းများမှ တစ်ဆင့် ငွေကျပ် သိန်း (၁၀ဝ)နှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ ကူညီပေးခဲ့ပါသည်။
ဧရာဝတီဘဏ်သည် ရာသီဥတုဒဏ် ထိခိုက်ရာ ဒေသတွင်းနေရာများသို့ ကူညီထောက်ပံ့ခြင်းများ ဆောင်ရွက်ရင်း မိမိတို့၏ ဘဏ်ခွဲတည်ရှိရာ ရေးမြို့ ဧရာဝတီဘဏ်ခွဲ၌ ရေလျှံရေတက်နေစဉ်အတွင်း ဘဏ်ခွဲရှိ အရေးကြီးစာရွက်စာတမ်း ရုံးသုံးနှင့်လျှပ်စစ်ပစ္စည်းများကို ရေမထိရောက်နိုင်စေရန်အတွက် နေ့နေ့ညည အတူတကွ သယ်ပိုးရွေ့ပြောင်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသူ ဝန်ထမ်းများထံ ရုံးချုပ်မှ သွားရောက်ကာ ရေကျချိန်တွင် ဘဏ်ခွဲအား သန့်ရှင်းဆေးကြောခြင်း နေရာတကျထားသိုတပ်ဆင်ခြင်း လျှပ်စစ်နှင့် အိုင်တီဆိုင်ရာပစ္စည်းများအား စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်ကာ တစ်ရက်အတွင်း ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ ပြန်လည်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းခဲ့ကြပါသည်။
ယခုလို အသင်းအဖွဲ့ တစ်သားတည်း စိတ်ဓာတ်နှင့် လုပ်ငန်းအပေါ်ချစ်စိတ်တို့ကြောင့်သာ ဧရာဝတီဘဏ် ရေးဘဏ်ခွဲရှိ ပျက်စီးဆုံးရှုံးနိုင်ချေများကို လျော့နည်းအောင် ကြိုတင်ကာကွယ်နိုင်ခဲ့သည့်အတွက် ဝန်ထမ်းများအား ချီးကျူးဂုဏ်ပြုခဲ့ပါသည်။ လတ်တလောလိုအပ်နိုင်မည့် စားသောက်ဖွယ်ရာ၊ အဝတ်နှင့် အိပ်ရာအသုံးအဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပြီး ရေဘေးသင့်ဒေသများတွင် ထိခိုက်ဆုံးရှုံးခဲ့သူ ရေးဘဏ်ခွဲဝန်ထမ်းများအား ငွေကျပ် ၁၀ သိန်း နှင့် ကင်းလွတ်ရာဒေသများရှိ နေထိုင်သူဝန်ထမ်းများအား ငွေကျပ် ၅သိန်းစီ အိမ်တိုင်ရာရောက် ပံ့ပိုးထောက်ပံ့ခဲ့ပါသည်။ ဧရာဝတီဘဏ်မှ ၄င်းတို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။