သဲဖြူကုန်းကျေးရွာ ဒုက္ခသည်များအတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့

ဧရာဝတီဖောင်ဒေးရှင်း အဖွဲ့သားများသည် ၂၀၁၉ခုနှစ် သြဂုတ်လ ၁၁ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့သို့ သွားရောက်၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တောင်ပြိုကျမှုကြောင့် အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံများထံသို့ သွားရောက်ကာ ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ သြဂုတ်လ ၉ရက်နေ့ နံနက်ပိုင်းက မြေလွှာပြတ်ရွေ့မှုကြောင့် တောင်ပြိုကျခဲ့သည့် သဲဖြူကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီး ပူဆွေးဝမ်းနည်းနေကြသည့် ကျန်ရစ်သူမိသားစုဝင်များကို တွေ့ဆုံအားပေးကာ လတ်တလော စားဝတ်နေရေးအတွက် အရေးပေါ်လိုအပ်သည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့်အတူ အိမ်ထောင်စု (၁)စုလျှင် ငွေကျပ် (၁၀)သိန်းစီ၊ စုစုပေါင်း အိမ်ထောင်စု (၂၇)စုအတွက် ငွေကျပ် သိန်း(၂၇၀)ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက်တွင် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြသူများကို တွေ့ဆုံအားပေးကာ စုစုပေါင်း (၄၀)ဦးအတွက် ငွေကျပ် သိန်း (၈၀)ကို ကူညီထောက်ပံ့ပေးခဲ့ပါသည်။
ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် လတ်တလော ဖြစ်ပေါ်လျက်ရှိသော သဘာဝဘေးအန္တရာယ်များကြောင့် ဘေးဒုက္ခရောက်နေသူများကို ဆက်လက် ကူညီပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ဒေသခံ အဖွဲအစည်းများနှင့် ချိတ်ဆက်ပြီး ထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။