အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဧရာဝတီဘဏ် နှင့် ကုန်သည်စက်မှုအသင်းချုပ် တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ဧရာဝတီဘဏ်သည် အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI : The Union of Myanmar Federation of Chambers of Commerce and Industry) နှင့် ပူးပေါင်းဆောင်ရွက်ရန် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ MOU ကို ဧရာဝတီဘဏ်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမင်းဝင့်ဦး နှင့် ကုန်သည်စက်မှုအသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်တို့  လက်မှတ်ရေးထိုးခဲ့ကြပြီး နိုင်ငံအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အဆင်ပြေစွာ လည်ပတ်နိုင်စေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံစီးပွားရေး ပြန်လည် ရှင်သန်လာခြင်းကို ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ ရေးထိုးခဲ့ကြသည်။ MoU တွင်

💠 MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းများ (Network များ တိုးချဲ့တည်ဆောက်ပေးခြင်း၊ Workshop, Seminar များ ကျင်းပပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးခြင်း စသည်များ) ပူးပေါင်းဆောင်ရွက်ရန်၊

💠 နှစ်ဦးနှစ်ဘက် ညှိနှိုင်းသဘောတူညီချက်များနှင့်အညီ MSME လုပ်ငန်းများ စတင်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် လိုအပ်သည့် ချေးငွေများ ထုတ်ချေးရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန်၊

💠 MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ စီးပွားရေး လုပ်ငန်းဆိုင်ရာ အဝန်းအဝိုင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများကို ထိရောက်စွာ အသုံးပြု၍ မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး အပြန်အလှန် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ရန် စသည်တို့ပါဝင်ပါသည်။

အဆိုပါ MoU ရေးထိုးပွဲသို့ ဧရာဝတီဘဏ်မှ အမှုဆောင်အရာရှိချုပ် ဦးမြင့်ဇော်၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးမင်းဝင့်ဦး ၊ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်သဇင်အောင်၊ ကုန်သည်စက်မှုအသင်းချုပ် မှ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးရဲမင်းအောင်၊ ဦးအေးထွန်း၊ ဒေါက်တာဝင်းစည်သူ၊ ဦးဆန်းလင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ဒေဝ၊ ဦးရဲမြင့်မောင်၊ ဒေါ်သူဇာဝင်း၊ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇော်ဌေးတို့ တက်ရောက်ခဲ့ကြသည်။