ဧရာဝတီဘဏ်လီမိတက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်

     

ဧရာဝတီဘဏ်လီမိတက်သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတို့အား တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ မိမိဘဏ်၏ စီမံအုပ်ချုပ်သူများနှင့် ဝန်ထမ်းအဆင့်ဆင့် အားလုံးအား အသိပညာမြှင့်တင်ရေးနှင့် ထိရောက်စွာ အကောင်အထည်ဖော်ရေးအတွက် ပညာပေးအစီအစဉ်အား ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်သမ္မတရုံးမှ (၁၄-၁၁-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဆိုင်ရာအမိန့် (၄၅/၂၀၁၉) နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ (၁၅-၁၁-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထား စိစစ်ခြင်း ညွှန်ကြားချက် (၁၈/၂၀၁၉) တို့အား သိရှိလိုက်နာ ဆောင်ရွက်ရန်အတွက် အဓိကရည်ရွယ်၍ ဧရာဝတီဘဏ် ရုံးချုပ်ရှိ BOD အဖွဲ့ဝင်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့် အရာရှိများ၊ ဌာနတာဝန်ခံများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ဧရာဝတီဘဏ်ခွဲများမှ ဒေသကြီးတာဝန်ခံများ၊ ဇုန်တာဝန်ခံများ၊ ဘဏ်ခွဲ တာဝန်ခံများ၊ ဒုတိယတာဝန်ခံများနှင့် ဘဏ်ခွဲတွင် AML/CFT ဆိုင်ရာ တာဝန်ယူရသော ၀န်ထမ်းများအား အသိပညာ မြှင့်တင်ပေးမှုဆိုင်ရာ ဆွေးနွေးပွဲများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ မှ ဖေဖော်ဝါရီလ အတွင်း၌ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံ တစ်ဝှမ်း၌ ကျင်းပခဲ့သော Workshop for AML/CFT Awareness and Preventive Measure for Bank အလုပ်ရုံ ဆွေးနွေးပွဲများကို (၁၁-၁-၂၀၂၀) ရက်နေ့တွင် မော်လမြိုင်မြို့၊ ရာမည ဟိုတယ်တွင်လည်းကောင်း၊ (၁၈-၁-၂၀၂၀) ရက်နေ့တွင် တောင်ကြီးမြို့၊ တောင်ကြီးဘဏ်ခွဲ (၁) အစည်းအဝေးခန်းမတွင်လည်းကောင်း၊ (၂၅-၁-၂၀၂၀) ရက်နေ့တွင် မန္တလေးမြို့၊ Sakura Princess Hotel၊ ချယ်ရီခန်းမတွင်လည်းကောင်း၊ (၂၆-၁-၂၀၂၀) ရက်နေ့တွင် နေပြည်တော်၊ Hotel Max ရှိ Ballroom ခန်းမတွင်လည်းကောင်း၊ (၁-၂-၂၀၂၀) ရက်နေ့တွင် ပုသိမ်မြို့၊ Swan Hotel၊ Ballroom ခန်းမတွင်လည်းကောင်း၊ (၁၅-၂-၂၀၂၀) ရက်နေ့နှင့် (၂၂-၂-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြို့၊ AYA Bank (ရုံးချုပ်)၊ ပုသိမ်ခန်းမ တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ မြန်မာနိုင်ငံတစ်ဝှမ်း၌ ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲများတွင် ဧရာဝတီဘဏ် ဒုတိယ ဥက္ကဌ-၁ ဒေါ်ခင်စောဦး မှ အဖွင့်အမှာစကား ပြောကြားပြီး “AML/CFT Framework in Myanmar” ခေါင်းစဉ်ဖြင့် ဘဏ်တွင် ထိရောက်သော AML/CFT လုပ်ငန်းစဉ် ချမှတ် အကောင် အထည်ဖော် ဆောင်ရွက်ရေးကိုလည်းကောင်း၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားထားသော မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်မေတိုးဝင်းမှ “ဘဏ်များမှ ဆောင်ရွက်နေသည့် နိုင်ငံခြားသုံးငွေ လုပ်ငန်းများတွင် ဖြစ်ပေါ်နိုင်သော Money Laundering Risk နှင့် ငွေရေးကြေးရေး ဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ ICRG Process လုပ်ငန်းစဉ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ငွေကြေးမူဝါဒရေးရာနှင့် ဘဏ်လုပ်ငန်းဥပဒေစည်းမျဉ်း ဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်သန်းမှ “Bank’s Compliance on AML/CFT Provisions” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit – FIU)၊ ဒုတိယရဲမှူးကြီး ဦးမြင့်စိုးမှ “Current Situation on Myanmar AML/CFT” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယရဲမှူးကြီး ဦးမျိုးမင်းထိုက်မှ “ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ အမိန့်နှင့် FIU မှ ထုတ်ပြန်ခဲ့သော သတင်းပေးပို့ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ” ဖြင့် လည်းကောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်မှ “ငွေကြေးခဝါချမှု/ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြား သေကြေစေသည့် လက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာအလိုက် ပါဝင် ဆွေးနွေး ဟောပြောပေးခဲ့ပါသည်။
ထို့အပြင် ဧရာဝတီဘဏ်၏ Senior Chief Risk and Compliance Officer ၊ ဦးကိုကိုဦးမှလည်း ဘဏ်၏ Governance ပိုင်း ဆိုင်ရာ လုပ်ဆောင်နေမှုများ၊ Risk Management ပိုင်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဧရာဝတီဘဏ်၊ Enterprise Risk Management Department မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးအောင်ကိုကိုဦးက ဘဏ်ခွဲများအနေဖြင့် ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထား စိစစ်ခြင်း လုပ်ငန်းစဉ်များ၊ ရုံးချုပ်မှ ထုတ်ပြန်ထားသော Policies များ၊ SOP များအား လေးစား လိုက်နာရန်နှင့် ဘဏ်ဝန်ထမ်းများ သိသင့်သိထိုက်သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ဗဟုသုတများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် ဗဟိုဘဏ်မှ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လေးစားလိုက်နာစေရန်များ၊ နည်းဥပဒေများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များအား ပို့ချဆွေးနွေးခဲ့ပါသည်။
ဧရာဝတီဘဏ်သည် AML/CFT Awareness and Preventive Measure for Bank အသိပညာပေး အစီအစဉ်အတိုင်း အလုပ်ရုံဆွေးနွေးပွဲများ၊ မွမ်းမံသင်တန်းများအား စဉ်ဆက်မပြတ် ဆက်လက် ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။