၂၀၁၇ခုနှစ် သြဂုတ်လ ၂၂ ရက် (အင်္ဂါနေ့) ဧရာဝတီဘဏ် ဥက္ကဌ ဦးဇော်ဇော် ၏ နှစ် (၅၀) ပြည့် ရွှေရတု မွေးနေ့ တစ်နေ့တာ

CM's Birthday 1CM's Birthday 2CM's Birthday 3CM's Birthday 4CM's Birthday 5CM's Birthday 6CM's Birthday 7CM's Birthday 8

မက်စ်မြန်မာ ဟိုးဒင်းကုမ္ပဏီလိမိတက်၊ AYA Financial Group ဖြစ်သည့် ဧရာဝတီဘဏ်၊ ဧရာမြန်မာအာမခံ၊ AYA Trust Securities၊ Novotel Yangon Max Hotel တို့မှ ဝန်ထမ်းများ နှင့် ၎င်း၏ မိသားစုသည် အများပြည်သုူအတွက် ပရဟိတလုပ်ငန်းများ နှင့် နိုင်ငံတော်အတွက် တိုင်းကျိုးပြည်ပြု လုပ်ငန်း များကို တာဝန်သိနိုင်ငံ့သားကောင်း တစ်ယောက်ပီပီ မိမိလုပ်ငန်းများဖြင့် မအားမလပ်သည့်ကြားမှ မရပ်မနားတတပ်တအား အမြဲကြိုးစားလုပ် ဆောင်နေသူ ဥက္ကဌနှင့်အတူ ကုသိုလ်ဖြစ် အလှူအတန်းများဖြင့် ဒါနပြုခြင်း၊ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် မိတ်ဆုံစားခြင်း ၊ ဆွေမျိုးမိတ်သင်္ဂဟများဖြင့် ပျော်ရွှင်ရင်းနှီးစွာ တွေ့ဆုံနှတ်ဆက်ပြီး ဘောလုံးကစားပွဲကျင်းပခြင်း၊ ဘုရားဆီမီးပူဇော် ဝတ်ပြုခြင်း စသည့် အထူးအစီအစဉ်များဖြင့် မွေးနေ့မွေးနံကျသည့် ရွှေရတုမွေးနေ့ပွဲကို ပျော်ရွှင်စွာအတူတကွ ဆင်နွှဲခဲ့ကြသည်။

ဥက္ကဌဦးဇော်ဇော်၏ မွေးနေ့ကို နံနက်(၁၀)နာရီတွင် မိဘမဲ့ကျောင်း၊ မျက်မမြင်ကျောင်း နှင့် ပရဟိတကျောင်းများဖြစ်သည့် သီလဝါသီလရှင်သင်ပညာရေးကျောင်း၊ အောင်ချမ်းသာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ မေတ္တာမြေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ စမ်းမြသီတာ သီလရှင်သင်(မူလွန်) ပညာရေးကျောင်း နှင့် အမျိုးသမီးပရဟိတကျောင်း၊ မှန်ကင်းအမှတ် (၂) ပရဟိတကျောင်း၊ သီရိရတနာ သီလရှင်သင်(အမျိုးသမီး) ပရဟိတပညာရေးကျောင်း၊ ကုမာရာရာမ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၊ နန်းဦးတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးကျောင်းနှင့် အဂ္ဂါပေလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်း စသည့်ကျောင်း(၁၀)ကျောင်းမှ မိဘမဲ့နှင့်မျက်မမြင် ကလေးပေါင်း (၁၅၀)ဦး တို့ကို Novotel Yangon Max Hotel တွင် ဖိတ်ခေါ်၍နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီးလျှင် ကျောင်းတစ်ကျောင်းလျှင် မြန်မာကျပ်ငွေ သိန်း(၅၀) ၊ ဆန်အိတ်ပေါင်း (၅၀) နှင့် ဆီပိဿာချိန် (၅၀) တို့ကို အသီးသီးလှူဒါန်းသည့် ကုသိုလ်ကောင်းမှု အလှူဒါနအစီအစဉ်ဖြင့်စတင်သည်။

မွန်းလွဲ (၁၂) နာရီတွင် ဥက္ကဌသည် မက်စ်မြန်မာ ဟိုးဒင်းကုမ္ပဏီမှ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး နေ့လယ်စာထမင်းလက်ဆုံစားပြီး မွေးနေ့အမှတ်တရ အမှာစကားပြောကြားခဲ့သည်။ ပြီးလျှင် မဟာဗန္ဓုလလမ်းရှိ ဧရာဝတီဘဏ်ရုံးချုပ်၌ ဘဏ်ဝန်ထမ်းများနှင့်အတူတူ လူငယ်လူရွယ်များ လေးစား အားကျ အတုယူဖွယ်ရာ ၎င်း၏ ရွှေရတုမွေးနေ့အထိမ်းအမှတ် အတ္ထုပ္ပတိမှတ်တမ်းရုပ်ရှင်ကို အတူတကွ ကြည့်ရှုရင်း ဝန်ထမ်းများကို စတုဒီသာမုန့်ပဲသရေစာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ဝန်ထမ်းများကို မွေးနေ့အထိမ်းအမှတ်အဖြစ် နှုတ်ဆက်စကား ပြောကြားရာတွင်၊ မိမိတို့ အရည်အချင်းကို မိမိတို့ တိုးတက်အောင် အမြဲကြံဆောင် နေသင့်ကြောင်း၊ ထူးချွန်သူ အကြီးအကဲများနှင့် လုပ်ဖော်ကိုင်ဖက်များထံမှ စံနမူများယူသင့်ကြောင်း၊ တစ်ဦးချင်းဆီ၏ မုဒိတာစိတ်ထား၊ အဖွဲ့အစည်းစိတ်ဓါတ်၊ ဇွဲလုံလဝိရိယစိတ်ဓါတ်၊ နိုင်ငံ့သားကောင်း သမီးကောင်းစိတ်ဓါတ် နှင့် နိုင်ငံချစ်စိတ်၊ တာဝန်သိစိတ်များသည် အထူး အရေးကြီးကြောင်း၊ တစ်ဦးချင်းဆီ၏ စွမ်းဆောင်ရည် မြင့်မားမှုသည် ဘဏ် တစ်ခုတည်း အတွက်သာမက ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး အတွက်ပါဖြစ်ကြောင်း၊ မိမိတို့ ကြိုးပမ်းမှု အသီး အပွင့်များကို မိမိတို့သာလျှင် ခံစားရမည်ဖြစ်ကြောင်း၊ မွေးနေ့ကို ယခုလို ကျင်းပခွင့်ရသည့် အတွက်လည်း ကျေးဇူးတင်ရပါကြောင်း ပြောကြားခဲ့သည်။ နေ့လယ် (၂) နာရီတွင် ဥက္ကဌသည် စိတ်တူကိုယ်တူနိုင်ငံကို အတူတကွ အကျိုးပြုလျှက်ရှိပြီး ချစ်ခင်ရင်းနှီးရသည့် မိတ်သင်္ဂဟများ နှင့်အတူ ချစ်ကြည်ရေး ဘောလုံးကစားပွဲ ဆင် နွှဲခဲ့ကြသည်။

ညနေ (၆) နာရီမှ (၇) နာရီတွင်မူ ဥက္ကဌသည် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီဘဏ်ဝန်ထမ်းများနှင့် အတူဆီမီး (၅၀ဝ၀) ထွန်းညှိပူဇော်ကာ အထက်ပစ္စယံတွင် ပုတီးစိတ်ဘုရားဝတ်ပြုပြီးလျှင် နေအိမ်၌မွေးသမိခင်ကြီးအား ဂါရဝပြုဦးခိုက် ရှိခိုးကန်တော့ သြဝါဒခံယူခဲ့သည်။ ထို့အတူ မန္တလေးမြို့၊ ပုဂံမြို့၊ တောင်ကြီးမြို့ နှင့် သထုံမြို့ တို့မှ ဧရာဝတီဘဏ်ဝန်ထမ်းများသည်လည်းဥက္ကဌ၏ ရွှေရတုမွေးနေ့ အထိမ်းအမှတ်အဖြစ် ရွှေကြက်ယက်ဘုရား၊ ရွှေစည်းခုံဘုရား၊ ရွှေဘုန်းပွင့် ဘုရား နှင့် ရွှေစာရံဘုရားစသည့် တန်ခိုးကြီးဘုရား(၄)ဆူတွင် ဆီမီး (၅၀ဝ၀)စီ အသီးသီး ပူဇော်ကြ၍ ကုသိုလ်ပြုဆုတောင်းမေတ္တာပို့သကြသည်။ မြန်မာနိုင်ငံ အနှံ့အပြားရှိ ဧရာဝတီဘဏ်ခွဲများတွင်လည်း ဘဏ်သို့ လာရောက်သော အများပြည်သူကို ဥက္ကဌမွေးနေ့ အထိမ်းအမှတ်အဖြစ် စတုဒိသာများ ကျွေးမွေးဧည့်ခံခဲ့သည်။ ညပိုင်းတွင် ဥက္ကဌ ဦးဇော်ဇော်သည် မိသားစု၊ ရင်းနှီးချစ်ခင်ရသော မိတ်သင်္ဂဟများ၊ ဝန်ထမ်းများ နှင့် အတူတူ ညစာစားပွဲ ကျင်းပ၍ ၎င်း၏ နှစ်(၅၀)ပြည့် ရွှေရတုပွဲကို စိတ်ချမ်းမြေ့ပျော် ရွှင်ဖွယ်ရာ ကျင်းပဆင်နွှဲခဲ့သည်။