Positive လူနာ (၄၁၆)ဦး ကုသပေးနိုင်မည့် Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ)ကို ဧရာဝတီဖောင်ဒေးရှင်းက အမြန်တည်ဆောက်လျက်ရှိ
Covid-19 ကပ်ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများကို အထောက်အကူ ဖြစ်စေနိုင်ရန် ရည်ရွယ်၍ သုဝဏ္ဏ မြက်ခင်းတု ဘောလုံးကွင်းတွင် Positive လူနာ (၄၁၆)ဦးနှင့် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း (၁၀၀) နေထိုင်နိုင်မည့် Covid-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ)ကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူ တည်ဆောက်ပေးလျက် ရှိပါသည်။ အဆိုပါ ယာယီ ရောဂါကုသရေးဌာန၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသရေးဆိုင်ရာ ကိစ္စအဝဝကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စီမံဆောင်ရွက်သွားမည် ဖြစ်ပြီး ယာယီ အဆောက်အဦများ တည်ဆောက်ရေးနှင့် လိုအပ်သော ပစ္စည်းများ၊ နေရေးထိုင်ရေးနှင့် နေ့စဉ် အစားအသောက် ကုန်ကျစရိတ်များကို ဧရာဝတီ ဖောင်ဒေးရှင်းက ကျခံသွားမည် ဖြစ်ပါသည်။