ဧရာဝတီဘဏ်ခွဲများမှ ဒေသကြီးတာဝန်ခံများ၊ ဇုန်တာဝန်ခံများ၊ ဘဏ်ခွဲ တာဝန်ခံများ၊ ဒုတာဝန်ခံ များနှင့် ဘဏ်ခွဲတွင် AML/CFT ဆိုင်ရာ တာဝန်ယူရသော ၀န်ထမ်းများအား အသိပညာ မြှင့်တင်ပေးမှု ဆိုင်ရာ ဆွေးနွေးပွဲများ

 

ဧရာဝတီဘဏ်လီမိတက်သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတို့အား တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ မိမိဘဏ်၏ စီမံအုပ်ချုပ်သူများနှင့် ဝန်ထမ်း အဆင့်ဆင့်အားလုံးအား အသိပညာမြှင့်တင်ရေးနှင့် ထိရောက်စွာ အကောင်အထည်ဖော်ရေးအတွက် ပညာပေးအစီအစဉ်အား ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်သမ္မတရုံးမှ (၁၄-၁၁-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဉပဒေဆိုင်ရာအမိန့် (၄၅/၂၀၁၉) နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ (၁၅-၁၁-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထား စိစစ်ခြင်း ညွှန်ကြားချက် (၁၈/၂၀၁၉) တို့အား သိရှိလိုက်နာ ဆောင်ရွက်ရန်အတွက် အဓိကရည်ရွယ်၍ ဧရာဝတီဘဏ် ရုံးချုပ်ရှိ ဌာနတာဝန်ခံများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ဧရာဝတီဘဏ်ခွဲများမှ ဒေသကြီးတာဝန်ခံများ၊ ဇုန်တာဝန်ခံများ၊ ဘဏ်ခွဲ တာဝန်ခံများ၊ ဒုတာဝန်ခံ များနှင့် ဘဏ်ခွဲတွင် AML/CFT ဆိုင်ရာ တာဝန်ယူရသော ၀န်ထမ်းများအား အသိပညာ မြှင့်တင်ပေးမှု ဆိုင်ရာ ဆွေးနွေးပွဲများကို (၂၅-၁-၂၀၂၀) ရက်နေ့တွင် မန္တလေးမြို့နှင့် (၂၆-၁-၂၀၂၀) ရက်နေ့တွင် နေပြည်တော်တို့၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
(၂၅-၁-၂၀၂၀) ရက်နေ့တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့သောဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ် တို့ရှိ ဧရာဝတီဘဏ်၏ ဘဏ်ခွဲ (၅၄) ခုတို့တွင် တာဝန် ထမ်းဆောင်နေ ကြသော ဇုန်တာဝန်ခံများ၊ ဘဏ်ခွဲ တာဝန်ခံများ၊ ဒုတာဝန်ခံများ နှင့် ဘဏ်ခွဲတွင် AML/CFT ဆိုင်ရာ တာဝန်ယူရသော ၀န်ထမ်းများ စုစုပေါင်း (၁၀၇) ဉီးတို့မှ တက်ရောက် ခဲ့ကြပါ သည်။
(၂၆-၁-၂၀၂၀) ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သောဆွေးနွေးပွဲသို့ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့ရှိ တိုင်းဒေသကြီးတာဝန်ခံရုံးနှင့် ဧရာဝတီဘဏ်၏ ဘဏ်ခွဲ (၃၀) ခုတို့တွင် တာဝန် ထမ်းဆောင်နေကြသော ဇုန်တာဝန် ခံများ၊ ဘဏ်ခွဲ တာဝန်ခံများ၊ ဒုတာဝန်ခံများ နှင့် ဘဏ်ခွဲတွင် AML/CFT ဆိုင်ရာ တာဝန်ယူရသော ၀န်ထမ်းများ စုစုပေါင်း (၂၀၂) ဉီးတို့မှ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲနှင့် မွမ်းမံသင်တန်းများတွင် ဧရာဝတီဘဏ် ဒုတိယ ဥက္ကဌ ဒေါ်ခင်စောဦး မှ အဖွင့်အမှာစကား ပြောကြားပြီး “AML/CFT Framework in Myanmar” ခေါင်းစဉ် ဖြင့် ဘဏ်တွင် ထိရောက်သော AML/CFT လုပ်ငန်းစဉ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကို ဆွေးနွေး ဟောပြော ခဲ့ပါသည်။
ထို့နောက် ဧရာဝတီဘဏ်၏ Senior Chief Risk and Compliance Officer ဉီးကိုကိုဉီးမှလည်း ဘဏ်၏ Governance ပိုင်း ဆိုင်ရာ လုပ်ဆောင်နေမှုများ၊ Risk Management ပိုင်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဧရာဝတီဘဏ် Enterprise Risk Management Department မှ လက်ထောက် အထွေထွေမန်နေဂျာ ဉီးအောင်ကိုကိုဉီးက ဘဏ်ခွဲများအနေဖြင့် ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထား စိစစ်ခြင်း လုပ်ငန်းစဉ်များ၊ ရုံးချုပ်မှ ထုတ်ပြန်ထားသော Policies များ၊ SOP များအား လေးစား လိုက်နာရန်နှင့် ဘဏ်ဝန်ထမ်းများ သိသင့်သိထိုက်သော ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ ဗဟုသုတများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် ဗဟိုဘဏ်မှ ချမှတ် ထားသော စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လေးစားလိုက်နာစေရန်များ၊ နည်းဥပဒေများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များအား ပို့ချဆွေးနွေးခဲ့ပါသည်။
(၂၅-၁-၂၀၂၀) ရက်နေ့တွင် မန္တလေးမြို့ရှိ Sakura Princess ဟိုတယ် ချယ်ရီခန်းမ၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲနှင့် မွမ်းမံ သင်တန်းတွင် အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားထားသော ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေး ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit – FIU) မှ ဒုတိယရဲမှူးကြီး ဉီးမျိုးမင်းထိုက်မှ “ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ အမိန့်နှင့် FIU မှ ထုတ်ပြန်ခဲ့သော သတင်းပေးပို့ခြင်း ဆိုင်ရာ လမ်းညွှန်ချက်များ” အား ပါဝင် ဆွေးနွေးဟောပြော ခဲ့ပါသည်။
(၂၆-၁-၂၀၂၀) ရက်နေ့တွင် နေပြည်တော်ရှိ Hotel Max ဟိုတယ်၊ Ballroom ခန်းမ၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲနှင့် မွမ်းမံ သင်တန်းတွင် အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားထားသော မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်မေတိုးဝင်းမှ “ဘဏ်များမှ ဆောင်ရွက်နေသည့် နိုင်ငံခြားသုံးငွေ လုပ်ငန်းများတွင် ဖြစ်ပေါ်နိုင်သော Money Laundering Risk နှင့် ငွေရေးကြေးရေး ဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ ICRG Process လုပ်ငန်းစဉ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေး ဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit – FIU) မှ ဒုတိယရဲမှူးကြီး ဉီးမျိုးမင်းထိုက်မှ “ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ အမိန့်နှင့် FIU မှ ထုတ်ပြန်ခဲ့သော သတင်းပေးပို့ခြင်း ဆိုင်ရာ လမ်းညွှန်ချက်များ” ဖြင့် လည်းကောင်း အသီးသီး ပါဝင် ဆွေးနွေး ဟောပြောခဲ့ကြပါသည်။
ဧရာဝတီဘဏ်သည် ဆက်လက်၍ ကျန်ရှိသော ရုံးချုပ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ဧရာဝတီဘဏ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား AML/CFT ပညာပေး အစီအစဉ် အတိုင်း AML/CFT ဆွေးနွေးပွဲများအား ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။