ဧရာဝတီဘဏ်လီမိတက်မှ ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ အမှူးပြုသော သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း

မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ်၊ ဝါခေါင်လဆန်း(၁)ရက်၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၁)ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် ဧရာဝတီဘဏ်လီမိတက် ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစု ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ ဧရာဝတီဘဏ်လီမိတက်(ရုံးချုပ်) (ROWE)၊ ပုသိမ်ခန်းမ၌ ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ အမှူးပြုသော သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဝါဆိုသင်္ကန်းနှင့် ဆွမ်းပဒေသာပင်ဝတ္ထုငွေကျပ် သိန်း(၁၀ဝ)တို့ကို ဧရာဝတီဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဇနီး ဒေါ်ဋ္ဌေးဋ္ဌေးခိုင်၊ အကြီးတန်းစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ဌာနအကြီးအကဲများ၊ ဝန်ထမ်းမိသားစုများမှ ဆက်ကပ်လှူဒါန်းကာ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ ထို့နောက် ဓမ္မဒူတ ဆရာတော်မှ ကုသိုလ်ပြုလုပ်ခြင်းနှင့် စပ်လျဉ်းသော တရားတော်အား ချီးမြှင့်ဟောကြားခဲ့ပြီးနောက် ဧရာဝတီဘဏ် ဝန်ထမ်း မိသားစုများမှ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။
ဆက်လက်၍ ဓမ္မဒူတဆရာတော်အမှူးပြုသည့် သံဃာတော်များသည် အလုံမြို့နယ်၊ ဧရာဝတီဘဏ် လီမိတက်(ရုံးချုပ်) (River View) အား ဆက်လက်ကြွချီ၍ တရားတော်များကို ချီးမြှင့်ဟောကြားခဲ့ရာ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဇနီး ဒေါ်ဋ္ဌေးဋ္ဌေးခိုင်၊ အကြီးတန်း စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများမှ ဝါဆိုသင်္ကန်းများကို ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက် သွန်းချ အမျှဝေခဲ့ကြသည်။