AML/CFT ဆိုင်ရာ တာဝန်ယူရသော ၀န်ထမ်းများအား အသိပညာမြှင့်တင်ပေးမှုဆိုင်ရာ အထူး မွမ်းမံသင်တန်း

ဧရာဝတီဘဏ်လီမိတက်သည် နိုင်ငံတော်သမ္မတရုံးမှ (၁၄-၁၁-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဉပဒေဆိုင်ရာအမိန့်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ (၁၅-၁၁-၂၀၁၉) ရက်နေ့တွင် ညွှန်ကြားခဲ့သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထား စိစစ်ခြင်း ညွှန်ကြားချက် (၁၈/၂၀၁၉) တို့အား ဧရာဝတီဘဏ် ရုံးချုပ်ရှိ ဌာနတာဝန်ခံများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဧရာဝတီဘဏ်ခွဲများမှ ဘဏ်ခွဲ တာဝန်ခံများ၊ ဒုတိယတာဝန်ခံများနှင့် ဘဏ်ခွဲတွင် AML/CFT ဆိုင်ရာ တာဝန်ယူရသော ၀န်ထမ်းများအား အသိပညာမြှင့်တင်ပေးမှုဆိုင်ရာ အထူး မွမ်းမံသင်တန်း တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် နှစ်စတွင် ပြုလုပ်ကျင်းပရန် စီစဉ်ဆောင်ရွက်ထားပါသည်။
(၁၁-၁-၂၀၂၀) ရက်နေ့တွင် မော်လမြိုင်မြို့ရှိ ရာမည ဟိုတယ် ရာမညခန်းမ၌ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး တို့ရှိ ဧရာဝတီဘဏ်ခွဲ (၁၉) ဘဏ် တို့တွင် တာဝန် ထမ်းဆောင်နေကြသော ဘဏ်ခွဲ တာဝန်ခံများ၊ ဒုတာဝန်ခံများ နှင့် ဘဏ်ခွဲတွင် AML/CFT ဆိုင်ရာ တာဝန်ယူရသော ၀န်ထမ်းများ စုစုပေါင်း (၁၂၀) ဉီးတို့အား (၁/၂၀၂၀) အထူး မွမ်းမံ သင်တန်းကို ပြုလုပ် ကျင်းပခဲ့ပါသည်။
(၁၈-၁-၂၀၂၀) ရက်နေ့တွင် တောင်ကြီးမြို့ရှိ ဧရာဝတီဘဏ် (တောင်ကြီးဘဏ်ခွဲ-၁)၌ ရှမ်းပြည်နယ် (တောင်ဘက်ခြမ်း)၊ ကယားပြည်နယ် တို့ရှိ ဧရာဝတီဘဏ်ခွဲ (၆) ဘဏ်တို့တွင် တာဝန် ထမ်းဆောင်နေကြသော ဘဏ်ခွဲ တာဝန်ခံများ၊ ဒုတာဝန်ခံများ နှင့် ဘဏ်ခွဲတွင် AML/CFT ဆိုင်ရာ တာဝန်ယူရ သော ၀န်ထမ်းများ စုစုပေါင်း (၃၀) ဉီးတို့အား (၁/၂၀၂၀) အထူး မွမ်းမံသင်တန်းကို ပြုလုပ် ကျင်းပခဲ့ပါသည်။
အဆိုပါ သင်တန်းအား ဧရာဝတီဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦး မှ အဖွင့်အမှာစကား ပြောကြားပြီး “ AML/CFT Framework in Myanmar ” ခေါင်းစဉ်ဖြင့် ဘဏ်တွင် ထိရောက်သော AML/CFT လုပ်ငန်းစဉ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကို ဆွေးနွေး ဟောပြော ပို့ချခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော သင်တန်းသား/သူ များမှ သိလိုသည်များအား မေးမြန်းကာ အပြန်အလှန် ဆွေနွေးဖြေကြားခဲ့ကြပါသည်။ မော်လမြိုင်တွင် ကျင်းပသည့် အထူးမွမ်းမံ သင်တန်းသို့ ဧရာဝတီဘဏ်၏ Senior Chief Risk and Compliance Officer ဉီးကိုကိုဉီးမှလည်း တက်ရောက်ခဲ့ပြီး ဘဏ်၏ Governance ပိုင်း ဆိုင်ရာ လုပ်ဆောင်နေမှုများ၊ Risk Management ပိုင်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် Chief Operation Officer ဉီးကျော်စိုးမင်းမှလည်း ဘဏ်ခွဲဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဘဏ်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၊ Compliance လုပ်ငန်းစဉ်များအား အလေးထား လိုက်နာရန် ဘဏ်ခွဲများ၏ လုပ်ငန်းပိုင်းဆိုင်ရာ ရင်ဆိုင် တွေ့ကြုံနေရသော အခက်အခဲများအား ပွင့်လင်းစွာ ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။
ဆက်လက်၍ ဧရာဝတီဘဏ် Enterprise Risk Management Department မှ လက်ထောက် အထွေထွေမန်နေဂျာ ဉီးအောင်ကိုကိုဉီး က ဘဏ်ခွဲများအနေဖြင့် ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထား စိစစ်ခြင်း လုပ်ငန်းစဉ်များ၊ ရုံးချုပ်မှ ထုတ်ပြန်ထားသော Policies များ၊ SOP များအား လေးစား လိုက်နာရန်နှင့် ဘဏ်ဝန်ထမ်းများ သိသင့်သိထိုက်သော ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ ဗဟုသုတများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် ဗဟိုဘဏ်မှ ချမှတ် ထားသော စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လေးစားလိုက်နာစေရန်များ၊ နည်းဥပဒေများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များအား သင်တန်းသို့ တက်ရောက်လာသော ဘဏ်ခွဲရှိ တာဝန်ရှိသူများ နှင့် ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ကျန်ရှိသော ရုံးချုပ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ဧရာဝတီဘဏ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား အစီအစဉ်အတိုင်း အထူးမွမ်းမံသင်တန်းများ ပြုလုပ် သွားမည် ဖြစ်ပါသည်။