COVID-19 ကုသကာကွယ်ရန် ဆောင်ရွက်နေသော ပုသိမ် ဆေးရုံကြီးသို့ ငွေကျပ် သိန်း(၁၅၀)လှူဒါန်း

   

   

ဧရာဝတီဖောင်ဒေးရှင်းသည် COVID-19 ကုသကာကွယ်ရန် ဆောင်ရွက်နေသော ပုသိမ် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများ လိုအပ်သလို အသုံးပြုနိုင်ရန်နှင့် ဆေးရုံကြီး၏ အထွေထွေ လိုအပ်ချက်များ၊ ပြင်ဆင်ရန် လိုအပ်နေသော စက်ပစ္စည်းများ ပြန်လည် ပြုပြင်နိုင်ရန် အတွက် ငွေကျပ် သိန်း(၁၅၀) လှူဒါန်းခဲ့ပါသည်။ ထို့အတူ မလေးရှားမှ ပြန်လည် ရောက်ရှိလာသည့် COVID-19 ကူးစက်ခံရသူနှင့် ၎င်း၏ မိသားစု အဆင်ပြေစေရန် ငွေကြေး (၅)သိန်း ထောက်ပံ့ ကူညီပေးခဲ့ပါသည်။
နိုင်ငံတစ်ဝှမ်းမှ ဆေးရုံများ၊ Emergency Ambulance Service (EAS) နှင့် လူမှုရေး အသင်းအဖွဲ့များသို့ အရေးပေါ်လူနာ သယ်ယူပို့ဆောင်နိုင်ရန် ကုသရေး ပစ္စည်းကိရိယာများ ပါဝင်သော ဆေးရုံကား အစီး (၂၀)ကျော် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ ထိုအထဲမှ အချို့ လူနာတင်ယာဉ်များသည် ယနေ့တိုင် အကျိုးရှိစွာ အသုံးပြုလျက်ရှိ သော်လည်း အချို့မှာ ပြင်ဆင်စရိတ် အခက်အခဲကြောင့် ရပ်နားထားရသည်ကို စိတ်မကောင်းဖွယ် ကြားသိရပါသည်။ ပုသိမ် ဆေးရုံကြီးသို့ လှူဒါန်းထားသော လူနာတင်ယာဉ် တစ်စီးသည် အသုံးမပြုနိုင်ဘဲ ကာလအတန်ကြာအောင် ရပ်နားထားခဲ့ရာမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်၏ ဦးဆောင်မှုဖြင့် ပြန်လည်ပြုပြင်နိုင်ခဲ့ရာ ဆရာဝန်ကြီးအား အထူးလေးစား ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုဖော်ပြအပ်ပါသည်။
“အာရောဂျံ ပရမံ လာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဟု ဆိုရိုးရှိသကဲ့သို့ သက်ရှည် ကျန်းမာစွာ နေထိုင်ခြင်းသည် လာဘ်ကြီးတစ်ပါး ဖြစ်ပါသည်။ အလားတူပင် လူသားတို့က တီထွင်ဖန်တီးထားသော သက်မဲ့စက်ပစ္စည်းများကိုလည်း မိမိအတွက်၊ အများအကျိုးအတွက်၊ နိုင်ငံအတွက် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြင့် သက်တမ်း ကုန်ဆုံးသည်အထိ အကျိုးရှိစွာ အသုံးပြုနိုင်ရန် လေးနက်စွာ ဆန္ဒပြုအပ်ပါသည်။