ဧရာဝတီဘဏ် ဝန်ထမ်းများအား COVID-19 ထပ်ဆောင်းကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ခြင်း

ဧရာဝတီဘဏ်လီမိတက်၏ ဝန်ထမ်းများ ကိုယ်ခံအားစနစ်ပိုမိုအားဖြည့်နိုင်ရန် အတွက် ကိုရိုနာဗိုင်းရပ်စ် ထပ်ဆောင်းကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် နေ့တွင် ကျောက်တံတားမြို့နယ်ရှိ ROWE ရုံးချုပ်နှင့် အလုံမြို့နယ်ရှိ River View ရုံးချုပ်တို့၌ ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးမှ ဝန်ထမ်းမိသားစုများအား ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဉ်သည် ဧရာဝတီဘဏ်၏ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတစ်ခု အဖြစ်လည်းကောင်း၊ ကိုရိုနာဗိုင်းရပ်စ်၏ အန္တရာယ်မှ ထိရောက်စွာကာကွယ်ရန် နည်းလမ်းတစ်ခုအဖြစ် လည်းကောင်း ရည်ရွယ်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၆ လနှင့်အထက် ကနဦးကာကွယ်ဆေး အကြိမ်ရေ အပြည့် ထိုးပြီးသော ရန်ကုန်ရုံးချုပ်နှင့် ဘဏ်ခွဲဝန်ထမ်းများအားလုံးအား စာရင်းကောက်ယူကာ ထိုးနှံ ပေးခြင်းဖြစ်သည်။ သတ်မှတ်ရက်တွင် မလာရောက်နိုင်သော ဝန်ထမ်းများအတွက် စက်တင်ဘာလ ၃၀ ရက် နေ့တွင် ထိုးနှံနိုင်ရန် နောက်ဆက်တွဲ အနေဖြင့် စီစဉ်ပေးခဲ့ပါသည်။ SML အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း၏ စေတနာဖြင့် ပံ့ပိုးကူညီမှုဖြင့် ဧရာဝတီဘဏ်သည် ထပ်ဆောင်းကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းအစီအစဉ်တွင် ဘဏ်ဝန်ထမ်းစုစုပေါင်း ၁၇၀၀ ကျော်အား ထပ်ဆောင်း ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့ပါသည်။

ဧရာဝတီဘဏ်လီမိတက်သည် ဘဏ်၏ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် အကောင် အထည်ဖော်နိုင်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ COVID-19 ကပ်ရောဂါ ကာကွယ်ရေး နည်းလမ်းများအား ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံးတွင် အစဉ်တစိုက် လိုက်နာ ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများ၊ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးသည် ဧရာဝတီဘဏ်၏ ဦးစားပေးကဏ္ဍတစ်ရပ် ဖြစ်ပါသည်။ ထပ်ဆောင်း ကာကွယ်ဆေးထိုးခြင်းသည် COVID-19 အားတုံ့ပြန်ရန် ထိရောက်သော လှုပ်ရှားမှုတစ်ရပ်ဖြစ်ပြီး အဘက်ဘက်မှ ကူညီပံ့ပိုးသူ ကြီးကြပ်သူများ၏ စနစ်တကျ စီစဉ်မှုဖြင့် ဧရာဝတီဘဏ်မှ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။