ANNOUNCEMENTS

နိုင်ငံသားစိစစ်ရေးကတ်အမှတ် အတုပြုလုပ်ခြင်း ဖြစ်စဉ် နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း - ငွေစာရင်း ဖွင့်လှစ်ငွေလွှဲခြင်း (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ( ၂၁ ) ရက်နေ့)

Posted on March 16, 2026

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ( ၂၁ ) ရက်နေ့ ရက်စွဲဖြင့် နိုင်ငံသားစိစစ်ရေး ကတ်အမှတ်များ ပြုပြင်၍ လိမ်လည်နေခြင်း သတိပြုစေရန် လမ်းညွှန်ချက် နှင့်စပ်လျဉ်း၍ အသိပညာ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

၁။ ဖြစ်စဉ်အကျဉ်း (နမူနာ)

    • လိမ်လည်သည့် ဖြစ်စဉ် - ဘဏ် (၁) ဘဏ်တွင် ချစ်မျိုးဦး နှင့် သက်နိုင်စိုး တို့သည် ထွန်းသက်ဝေ ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ် များအား ပြုပြင်၍ (xxxxxx ဘဏ်ခွဲတွင်) ဘဏ်ငွေစာရင်း (၃)ခု၊ စွမ်းရည်ထက် မှ ၎င်းကိုယ်တိုင်၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်အား ပြုပြင်၍ ငွေစာရင်း(၁)ခု ဖွင့်လှစ်ထားရှိသဖြင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်အတုများ ကိုင်ဆောင်အသုံးပြုခြင်းအား ငွေလွှဲပြောင်းချက်များအား စိစစ်ရာမှ တွေ့ရှိခဲ့ရပါသည်။
    • လိမ်လည်မှု ပြုလုပ်ပုံ - 
      •  ထွန်းသက်ဝေအမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ၈/ရစက(နိုင်)xxxxxx ၊ ၈/ရစက (နိုင်)xxxxxx၊ ၈/ရစက(နိုင်)xxxxxx များဖြင့် ဘဏ်ခွဲတစ်ခုတွင် ငွေစာရင်းများ ဖွင့်လှစ်ခဲ့သူ ၏ အမည်ရင်း အမှန်မှာ ချစ်မျိုးဦး၊ ၈/မမန(နိုင်)xxxxxx ဖြစ်ပါသည်။ အဆိုပါ ထွန်းဝေသက် အမည်ဖြင့် အသုံးပြုထားသော နိုင်ငံသားစိစစ်ရေးကတ်(၃)ကတ်တွင် ၈/ရစက (နိုင်) xxxxxx သည် ချမ်းပြည့်ကျော် (ဘ) ဦးxxx၊ ၈/ရကစ(နိုင်)xxxxxx သည်  ဟိန်းမင်းခန့်၊ (ဘ) ဦးxx ဖြစ်ပြီး ၈/ရကစ(နိုင်)xxxxxx သည် မိုးမိုးကျော် (ဘ) ဦးxx တို့၏ ကိုင်ဆောင်လက်မှတ်များ ဖြစ်ကြောင်းသိရှိရခြင်း၊ ထို့ကြောင့် မှန်ကန်မှုမရှိကြောင်း စိစစ်တွေ့ရှိရခြင်း၊ 
      • စွမ်းထက်ရည် သည်လည်း ၎င်း၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ၁၂/သဃက(နိုင်) xxxxxx အမှန်ဖြင့် အထက်ပါ ဘဏ်တွင် ငွေစာရင်း(၁) ခု ဖွင့်လှစ်ထားခြင်း ၊ ၎င်း၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်ရှိ နံပါတ် “၁” အား “၃” ဟု ပြင်ဆင်၍ ၁၂/သဃက(နိုင်) xxxxxx ဖြင့် ငွေစာရင်း (၁)ခု ဖွင့်လှစ်ခဲ့ပါသည်။ စွမ်းရည်ထက်အမည်ဖြင့် အသုံးပြု ထားသော နိုင်ငံသားစိစစ်ရေးကတ် (၂) ကတ်တွင် ၁၂/သဃက (နိုင်) xxxxxx သည် စွမ်းရည်ထက် (ဘ) ဦးxx၊ မွေးသက္ကရာဇ် ၁၀-၅-၂၀၀၅ ၏ ကိုင်ဆောင်လက်မှတ် အမှတ်ဖြစ်၍ မှန်ကန်မှုရှိပြီး ကျန် နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ၁၂/သဃက(နိုင်) xxxxxx သည် သင်္ဃန်းကျွန်းမြို့နယ်ရုံး ၏ အသုံးပြုပြီး အမြင့်ဆုံးနံပါတ်ထက် ကျော်လွန် နေသော နံပါတ်ဖြစ်၍ မှန်ကန်မှုမရှိကြောင်း သိရှိခဲ့ရပါသည်။

၂။ မိမိ၏ အချက်အလက်အား မသမာသူများမှ အသုံးပြု၍ လိမ်လည်ခြင်းမှ ကင်းဝေးစေရန် ရှောင်ကြဉ်ရန် ကိစ္စရပ်များ

မိမိ၏ ကိုယ်ပိုင်အချက်အလက်များအား (နိုင်ငံသားစိစစ်ရေးကတ်အမှတ် အပါအဝင်) လူမှုကွန်ယက်စာမျက်နှာ (Facebook, Messenger, Telegram, Viber)  များတွင် တင်ခြင်း မပြုလုပ်ရန် ၊ မိမိ တစ်ဦးတည်းနှင့်သာ သက်ဆိုင်သည့် OTP/PIN/ Password များအား မည်သူကိုမှ မျှဝေခြင်း မပြုလုပ်ရန် လိုအပ်ပါသည်။

မိမိ ကိုယ်တိုင်မသိလိုက်ဘဲ လိမ်လည်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်မှု မရှိစေရန် ဤဖြစ်စဉ် နမူနာ ကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။