ANNOUNCEMENTS

နိုင်ငံသားစိစစ်ရေးကတ်အမှတ် အတုပြုလုပ်ခြင်း ဖြစ်စဉ် နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း - အစုရှယ်ယာများ ဝယ်ယူခြင်း (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ( ၁၀ ) ရက်နေ့)

Posted on March 16, 2026

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ( ၁၀ ) ရက်နေ့ ရက်စွဲဖြင့် ငွေကြေး လိမ်လည်ခံရမှုဖြစ်စဉ် သတိပြုစေရန် လမ်းညွှန်ချက် နှင့်စပ်လျဉ်း၍ အသိပညာ ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါသည်။

၁။ ဖြစ်စဉ်အကျဉ်း (နမူနာ)

    • လိမ်လည်သည့်နည်းလမ်း - လူမှုကွန်ယက်စာမျက်နှာ (Facebook) ပေါ်တွင် ခန့်ဝေမောင် (ခ) မောင်မောင်လွင် ဆိုသူသည် အစုရှယ်ရာများဝယ်ယူစုဆောင်းခြင်း သို့မဟုတ် အတိုးနှုန်း နည်းနည်းဖြင့် ငွေချေးယူနိုင်ကြောင်း၊ ၎င်း၏ ရုံးလိပ်စာမှာ ဇွဲထက်ရှယ်ယာ ကုမ္ပဏီလီမိတက်ရုံး ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
    • ဆုံးရှုံးနစ်နာမှု - ခန့်ဝေမောင် (ခ) မောင်မောင်လွင် သည် ၎င်း၏ နိုင်ငံသားစိစစ်ရေးကတ် ကိုလည်း ပြသခဲ့သဖြင့် နစ်နာသူသည် စုဆောင်းထားရှိသော ငွေကြေးများအား အစုရှယ်ယာများ ဝယ်ယူရင်းနှီးရန် ရည်ရွယ်၍ ငွေလွှဲရန်ပေးပို့သည့် ဖုန်းနံပါတ်များသို့ Wave Pay ဖြင့် အကြိမ်ကြိမ် လွှဲပြောင်းပေးခဲ့ရာ စုစုပေါင်းငွေပမာဏကျပ် သိန်း (၉၆၅၀) ကျော်အထိ ဆုံးရှုံးနစ်နာခဲ့ရပါသည်။
    • လိမ်လည်ပုံ - နစ်နာသူမှ လွှဲပြောင်းပေးခဲ့သော ငွေကြေးများအား ပြန်လည်ထုတ်ပေးရန် တောင်းဆိုသောအခါတွင် လိမ်လည်သူမှ ဘဏ်ငွေလွှဲ ပုံစံအတုကိုပြသပြီး အဆိုပါ ငွေပမာဏကို ထုတ်ယူလိုပါက ငွေထပ်မံလွှဲပေးရမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ယခုအချိန်အထိ မည်သည့် ငွေကြေး မှ ပြန်လည်လွှဲပြောင်းပေးခြင်းမရှိကြောင်း သိရှိရပါသည်။

၂။ ငွေကြေးလိမ်လည်ခံရခြင်းမှ ကင်းဝေးစေရန် ရှောင်ကြဉ်ရန် ကိစ္စရပ်များ

လူမှုကွန်ယက်စာမျက်နှာ (Facebook, Messenger, Telegram, Viber) တို့တွင် အစု ရှယ်ယာများ ဝယ်ယူစုဆောင်းခြင်းဖြင့် အကျိုးအမြတ်များစွာ ပြန်လည်ရရှိနိုင်ကြောင်း ကြေညာချက်များ၊ အတိုးနှုန်း နည်းနည်းဖြင့် ချေးငွေလွယ်ကူစွာရရှိနိုင်ကြောင်းကြေညာချက်များ စသည်ဖြင့် မက်လုံးပေး၍ လိမ်လည် နေမှုများအား အယုံလွယ်မှုမရှိစေရန် နှင့် ထိုလိမ်လည်မှုများအား ရှောင်ရှားနိုင်ရန် အသိပညာ ပြန်လည် မျှဝေပေးခြင်းဖြစ်ပါသည်။