Corporate News

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေစက္ကူအတုနှင့်ပတ်သက်၍ အများပြည်သူသို့ အသိပေးခြင်း

Posted on December 17, 2025

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံးပြု၍ လိမ်လည်မှုဖြစ်စဉ်များအား ကာကွယ်တားဆီးနိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အများပြည်သူသို့ အောက်ပါအတိုင်း အသိပေးကြေငြာခဲ့ပါသည်။

၁။       လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုများအား သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများ အား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ် တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူ ကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတု မှန်း လွယ်ကူစွာသိရှိနိုင်ပါသည်။

( ခ )   မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ပါသည်။

( ဂ )   ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော အချက်များမှာ-

(၁)   ငွေစက္ကူ၏ စက္ကူသားမှာ ကြမ်းရှရှရှိနေခြင်း၊
(ငွေစက္ကူအတုတွင် ပြောင်ချောနေပါသည်)

(၂)   ငွေစက္ကူ၏ရှေ့မျက်နှာစာ လက်ဝဲဘက်ထောင့်ရှိ အညိုရောင်ကနုတ်ပန်းကို လက်ဖြင့်စမ်းသပ်ကြည့်ပါက ကြမ်းရှရှဖြစ်နေပြီး ဘေးတိုက်တိမ်းစောင်းကြည့်ခြင်း၊ အလင်းရောင်ဖြင့် ၄၅ ဒီဂရီတိမ်းစောင်း၍ကြည့်ပါက CBM စာသားကို ပေါ်လွင်ပြတ်သားစွာ တွေ့မြင်ရခြင်း၊
(ငွေစက္ကူအတုတွင် မတွေ့ရခြင်း)

(၃)   ငွေစက္ကူမျက်နှာပြင်ပေါ်ရှိ ဒေါင်လိုက်ရိုက်နှိပ်ထားသော "တစ်သောင်းကျပ်" စာသားနှင့် တန်ဖိုး "၁၀၀၀၀" ဂဏန်းများကို လက်ဖြင့်ပွတ်ဆွဲကြည့်ပါက ကြမ်းရှရှရှိနေခြင်း၊
(ငွေစက္ကူအတုတွင် ပြောင်ချောနေပါသည်)

(၄)  ငွေစက္ကူမျက်နှာစာဘက်ရှိ "မြန်မာနိုင်ငံတော်ဗဟိုဘဏ်" စာတမ်းကို လက်ဖြင့် ပွတ်ဆွဲကြည့်ပါက ကြမ်းရှရှရှိနေခြင်း၊
(ငွေစက္ကူအတုတွင် ပြောင်ချောနေပါသည်)

(၅)   အလွယ်ကူဆုံးအချက်အနေဖြင့် လုံခြုံရေးကြိုးမှာ အထက်အောက် လှုပ်ရှား ကြည့်ပါက အရောင်ပြောင်းလဲခြင်း၊
(ငွေစက္ကူအတုတွင် အရောင်မပြောင်းပါ)

(၆)   ငွေစက္ကူအစစ်တွင် လုံခြုံရေးကြိုးသည် ဒေါင်လိုက်တည့်မတ်စွာမြှုပ်ထားပြီး တစ်ပိုင်းပေါ် တစ်ပိုင်းမြှုပ်ဖြင့် ထည့်သွင်းထားခြင်းကြောင့် ပေါ်နေသောအစိတ် အပိုင်းများသည် စတုဂံကျကျသေသပ်စွာရှိမနေခြင်းနှင့် ငွေစက္ကူကိုအလင်း ရောင်တွင် ထောင်ကြည့်ပါက တဆက်စပ်တည်း မြင်ရခြင်း၊
(ငွေစက္ကူအတု၏ လုံခြုံရေးကြိုးမှာ အပေါ်မှသေသပ်စွာ ဒေါင်ကျကျကပ်ထား ခြင်းသာဖြစ်ပြီး အတွင်းမြှုပ်နှံထားခြင်းမရှိပါ)

၂။       မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ(၁၀၁)အရ တားမြစ်ထားသော ငွေစက္ကူအတုများ အား အတုမှန်းသိလျက်နှင့် သုံးစွဲခြင်းပြုလုပ်ပါက မည်သူမဆို ပုဒ်မ(၁၀၁)ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ(၁၀၅)အရ ထိုသူကို ငွေဒဏ် ဖြစ်စေ၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။

၃။       မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ(၁၀၂)အရ ငွေစက္ကူအတုပြုလုပ်ခြင်း၊ အတုကို ပြည်ပမှတင်သွင်းခြင်း (သို့မဟုတ်) ပြည်ပသို့တင်ပို့ခြင်းတို့ကိုကျူးလွန်ပါက မည်သူမဆို ပုဒ်မ(၁၀၂) ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ(၁၀၆)အရ ထိုသူကို အနည်းဆုံး ထောင်ဒဏ်(၁၀)နှစ်မှ အများဆုံးထောင်ဒဏ်နှစ်(၂၀) အထိ ချမှတ်ခံရနိုင်ပါသည်။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကိုလည်း ပြည်ထောင်စုဘဏ္ဍာအဖြစ် သိမ်းဆည်းရမည် ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် ငွေစက္ကူအတုနှင့်ပတ်သက်၍ ဥပဒေနှင့် အညီ လိုက်နာကျင့်သုံးသွားပါရန်နှင့် တာဝန်ရှိသူအသီးသီးမှလည်း တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်
 (၁၇-၁၂-၂၀၂၅)


မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အသိပေးထုတ်ပြန်ချက် မူရင်းကိုဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။