Corporate News

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်များနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်

Posted on June 06, 2024

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအား ဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြား ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ၊မရှိ စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိပါသည်။ ဘဏ်များကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြစ်သော စုဆောင်းအပ်နှံငွေအမျိုးမျိုး လက်ခံပြီး၊ နိုင်ငံတော်၏စီးပွားရေးအတွက် အရေးကြီးကဏ္ဍများကို ချေးငွေအမျိုးမျိုးထုတ်ချေးခြင်း၊ ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ငွေကြေးဝန်ဆောင်မှုများဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးကဏ္ဍ အတွက် ငွေကြေးထောက်ပံ့ခြင်း၊ MSMEs  လုပ်ငန်းများကို ငွေကြေးထောက်ပံ့ခြင်း၊ နိုင်ငံတကာဘဏ်များနှင့် ငွေပေးချေမှုများဆောင်ရွက်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှုများစွာ ပံ့ပိုးပေးလျက်ရှိကြောင်းကို ပြည်သူများ စိုးရိမ်မှုမရှိစေရန် မကြာခဏ ထုတ်ပြန်ပေးနေပါသည်။

ယခုအခါ နိုင်ငံတော်စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော အဖျက်သမားမီဒီယာများနှင့် အဖျက်သမားအုပ်စုသည် Facebook Page များဖြစ်သော Yan Paing Soe ၊ Dean Kyne ၊ YouTube Channel များဖြစ်သော Yebaw Shan Lay ၊ Big Boss ၊ Rc David ၊ Khit Thit Media တို့သည်လည်း မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ပြီး နိုင်ငံ့စီးပွားရေးနှင့် ငွေကြေးတည်ငြိမ်မှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်လျက်ရှိနေကြောင်း တွေ့ရှိရပါသည်။ ထိုသို့အဖျက်သမားများက အစိုးရနှင့် အများပြည်သူအကျိုးစီးပွား ထိခိုက်စေရန် ရည်ရွယ်၍ မကြာခဏ ရေးသားဖြန့်ဝေနေသော လူမှုကွန်ယက်စာမျက်နှာများကို လက်ခံယုံကြည် ခြင်းမရှိရန်နှင့် စိုးရိမ်ပူပန်စရာ မလိုကြောင်း ပြည်သူလူထုအနေဖြင့်လည်း အဖျက်သမားမီဒီယာများ၊ အဖျက်သမားအုပ်စုများကို ဝိုင်းဝန်းတိုက်ဖျက်ရန်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

သို့ပါ၍ ပြည်သူများအနေဖြင့် အဖျက်သမားများ၏ လှုံ့ဆော်ရေးသားမှု၊ ပြောကြားမှုများကို စိုးရိမ်စရာမလိုဘဲ ဘဏ်များအပေါ်ယုံကြည်စိတ်ချစွာဖြင့်  ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ရယူသုံးစွဲနိုင် ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်သူများ၏ အပ်နှံငွေများကို အပြည့် အဝအကာအကွယ် ပေးထားပါကြောင်း ထပ်မံအသိပေး ကြေညာအပ်ပါသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အသိပေးထုတ်ပြန်ချက် အပြည့်အစုံကိုဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။ 

Related News